ကျွန်တော်နဲ့ကျွန်တော့်ဘလောက်(ဂ်)

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပေါ့ဗျာ….ကောင်မလေးနဲ့ကောင်လေးနှစ်ယောက်ရှိတယ်။

သူတို့ကတစ်ယောက်ကိုတစ်ယောက်တော်တော်ချစ်ကြသတဲ့.. (ရိုးလိုက်တာနော်..အဖွဲ့က…)

တစ်ယောက်နဲ့တစ်ယောက် အပျောက်မခံနိုင်အောင်ပဲမြတ်နိုးကြသတဲ့..(အိမ်သာသွားတက်တာကလွဲရင်ပေါ့)

တနေ့မှာကောင်မလေးကသူရည်မှန်းထားတဲ့…အဝေး(နိုင်ငံခြား)သွားပြီး..ပညာတွေသင်ဖို့ဖြစ်လာသတဲ့…

ချစ်သူသက်တမ်းသုံးနှစ်လောက်အတွင်းမှာ…၁၀ရက် အထက်ပိုမခွဲဖူးတဲ့သူတို့နှစ်ယောက်အတွက်တော့…

(၁၀ရက်ဆိုတာအဝေးသင်သွားသွားတက်တဲ့အချိန်ပေါ့…

ဒါပေသိညနေဖက်ရောက်ရင်တွေ့ဖြစ်တာပါပဲ….စာမေးပွဲရက်တောင်မချန်ဘူး)

ဒီလိုကိစ္စကြီးကြုံရတော့…သူတို့ခမျာ…..၀မ်းလဲဝမ်းသာစရာ….၀မ်းလဲဝမ်းနည်းစရာပဲပေါ့…

ဝမ်းသာစရာက…ကောင်မလေးရည်မှန်းချက်လေးတစ်ခုခြေလှမ်းထပ်တိုးမယ်… သူရည်မှန်းထားတဲ့ဘ၀ကြီးတည်ဆောက်ဖို့

ဒါတွေကလှေကားထစ်တွေပဲပေါ့…

အဲ….၀မ်းနည်းစရာကတော့..ကောင်မလေးဘက်ကပြည့်ပြည့်စုံစုံပညာသွားသင်နိုင်တဲ့အခွင့်အရေးရှိပေမယ့်

ကောင်လေးမှာကအတူတူလိုက်ပါဖို့တန်ဖိုးတွေမလုံလောက်တာပဲ….

ဒီလိုနဲ့..ကောင်မလေးနဲ့ကောင်လေးဟာ…ကတိတွေအထပ်ထပ်…သစ္စာတွေအထပ်ထပ်ပြုပြီး

ဝေးနေရတော့မယ့်အချိန်တွေကို ရင်မောစွာနဲ့စောင့်ဆိုင်းနေပါရော….တဲ့

လေယာဉ်ပျံကြီး…ပျံတက်သွားချိန်ပြီးမှာတော့…သူတို့နှစ်ယောက်ဟာ…မိုင်တွေ..အချိန်တွေခြားသွားပြီးပေါ့ကွယ်

တကယ်တမ်းတော့ကောင်လေးက ဒီအတိုင်းမနေခဲ့ပါဘူး…သူလဲတတ်စွမ်းသလောက်ကြိုးစားပြီး

သူ့ကောင်မလေးအနားမှာနေနိုင်ဖို့လုပ်ခဲ့တယ်..ဒါပေမယ့်ကံတရားတွေ၊လောကဓံတွေ၊

ပတ်ဝန်းကျင်စတဲ့ဗီလိန်ကြီးတွေက(ကိုဗီလိန်မပါ)သူ့ကိုအထပ်ထပ်ကျဆုံးအောင်.သွေးပျက်အောင်.

ခြောက်လှန့်…ရက်စက်ပစ်ခဲ့တယ်တဲ့…..

အဲဒိလိုအချိန်မှာကောင်လေးရင်ထဲမှာ… ကောင်မလေးကိုလွမ်းတဲ့စိတ်…သူ့ရဲ့ဆန္ဒတွေအကောင်အထည်မဖော်နိုင်လို့

အားငယ်တဲ့စိတ်..တခါတလေမမြင်နိုင်လောက်အောင် ပိန်းပိတ်မှောင်နေတဲ့…သူ့ရဲ့အခွင့်အရေးတွေကို

အားမရတဲ့စိတ်တွေ ….အဲဒိလိုစိတ်ခံစားချက်တွေဖြစ်ပေါ်နေပါသတဲ့…

အဲဒိလိုနဲ့…သူမခံစားနိုင်တဲ့အဆုံး………..(သတ်တော့မသေပါဘူး)

သူ့ရဲ့ရင်ထဲမှာဖြစ်နေခဲ့တဲ့အစိုင်အခဲလေးတွေကို…စာသားတွေအဖြစ်…ထွက်ပေါက်ရှာခဲ့တယ်….

ဟုတ်တယ်….သူဘလောက်ဆိုတဲ့လှပတဲ့ပတ်ဝန်းကျင်ထဲကိုရောက်ရှိသွားပါတယ်….

သူတကယ့်လောကထဲမှာမပြောဖြစ်.. မတွေးဖြစ်တာတွေ…သူ့ရဲ့ဘလောက်ထဲမှာ….တွေးဖြစ်..ရေးဖြစ်နေခဲ့တယ်…

သူပျော်ဝင်နေခဲ့တယ်…(လွမ်းလို့…အသဲကွဲလို့….စိတ်ညစ်လို့…စတဲ့ရင့်ကျက်မှုမရှိတဲ့…ရည်ရွယ်ချက်နဲ့သူဘလောက်

ကိုစတင်ခဲ့ပေမယ့်..တကယ်တမ်းစာတွေရေးတော့…သူ့မှာစာတွေကိုချစ်တဲ့၊သံယောဇဉ်ရှိတဲ့…. မူရင်းစိတ်ကလေးကို

သူသတိပြုမိခဲ့တယ်..သူ့ရဲ့စာရေးတဲ့ဝါသနာက…..နိုးကြွလာစေခဲ့တယ်)…ဒါနဲ့…သူစာတွေထပ်ရေးဖြစ်ခဲ့တယ်…

ပထမဆုံးကတော့ blogspot ဆိုတဲ့ဘလောက်ဆိုဒ်မှာပေါ့…သူတိတ်တိတ်ကလေး….ကြေကွဲနေခဲ့ဖူးတာပါ….

ချစ်သူကိုလွမ်းချိန်..ချစ်သူနဲ့ရန်ဖြစ်ချိန်…စိတ်ဓာတ်တွေအရမ်းကျနေချိန်…ပတ်ဝန်းကျင်ကိုကြောက်သွားတဲ့အချိန်..

အချိန်တော်တော်များများမှာ…သူ့ဘလောက်လေးကသူ့ရှေ့မှာ.နေပေးခဲ့ဖူးတယ်.(မော်နီတာမှာပါ)

ဒီဘလောက်လေးကိုပဲသူရင်အထပ်ထပ်ဖွင့်ခဲ့ရဖူးတယ်…ဒီဘလောက်လေးကိုပဲဖက်ပြီးငိုခဲ့ရဖူးတယ်…တဲ့

ဒီလိုနဲ့ကြာလာတော့သူ့ရဲ့စာရေးချင်စိတ်လေးနဲ့နူးညံ့တဲ့အတွေးတွေက..ဘလောက်ဂါရပ်ဝန်းထဲကိုဝင်ဖို့တိုက်တွန်းလာပါသတဲ့..

သူဘလောက်စရေးတော့ဘယ်သူကိုမှသူမပြဘူး….သူ့ဟာသူရေးတယ်…သူ့ဟာနဲ့သူဖတ်တယ်….ပြီးတော့ခံစားတယ်လေ

သူဒုတိယခြေလှမ်းအနေနဲ့ mysuboo ဆိုတဲ့ဘလောက်လေးတခုကိုထပ်ခြေချမိသွားတယ်….

အဲဒိမှာတော့သူ့မှာနွေးထွေးပြီးဟန်မဆောင်တတ်တဲ့…ဘလောက်ဂါမောင်နှမတွေ

ဝါသနာတူရေးဖော်ရေးဖက်တွေအများကြီးရလာတယ်….သူဟိုးတုန်းကလိုအထီးကျန်ခြင်းတွေဆိုတာမခံစားတော့ဘူးတဲ့

သူပျော်ရွှင်ခဲ့ပါတယ်…တယောက်နဲ့တယောက်ခံစားချက်ခြင်းမျှဝေ၊ ဗဟုသုတတွေမျှဝေပြီးနေတဲ့

ဘလောက်ဆိုတဲ့ရပ်ဝန်းလေးကိုလဲသူတော်တော်သဘောကျသွားပါတယ်…တဲ့

ဒီလိုနဲ့ပဲသူတတ်သလောက်မှတ်သလောက်နဲ့ခံစားဖြစ်သလောက်စာတွေရေးပြီး..နေပါတယ်

အကြောင်းအရင်းလေးတိုက်ဆိုင်တော့….သူအဝေး(နိုင်ငံခြား)ကိုသွားရောက်ပြီးအခြေအနေတရပ်ကိုထပ်ကြိုးစားရမယ့်

အခွင့်အရေးလေးရလာခဲ့တယ်…

အဲဒိလိုတွေဖြစ်နေတဲ့အချိန်ကာလက….နှစ်နှစ်နီးပါးတောင်ကြာခဲ့ပါတယ်

ကာလအတိုင်းအတာအားဖြင့်တော့တိုတိုလေးပါတဲ့…ဒါပေမယ့်…

အဲဒိကာလအတွင်းမှာလူသားတစ်ယောက်ဖြစ်တဲ့သူတော်တော်ပြောင်းလဲရင့်ကျက်မှုတွေဖြစ်သွားပါတယ်…တဲ့

အတွေးအခေါ်ပိုင်းတဲ့…လူမှုဘ၀တွေမှာသူတိုးတက်လာမှုရှိလာပါတယ်…

လေယာဉ်ကွင်းကြီးမှာနှုတ်ဆက်ရမယ့်သူမရှိ…ကြိုဆိုမယ့်သူမရှိ (သူရည်မှန်းထားခဲ့တဲ့လွန်ခဲ့တဲ့နှစ်နှစ်ကပုံစံ)

သူမဟုတ်၊သူမဖြစ်ရတော့ပေမယ့်…သူကြိုးစားပြီးရှေ့ဆက်နိုင်ခဲ့ပါသတဲ့….

ဘာလို့လဲဆိုတော့..သူအထီးကျန်ဆိုတဲ့ခံစားချက်က…ဘလောက်လောကထဲဝင်ရောက်ပြီးကတည်းက

ပျောက်ပျက်သွားလို့ပါတဲ့….(ဒီနေရာမှာအားလုံးကိုလေးလေးစားစားကျေးဇူးတင်ကြောင်းပြောလိုပါတယ်)

သူ့ရင်ထဲမှာစိတ်ဓာတ်ကျခြင်းအားငယ်ခြင်းတွေက…အများကြီးသက်သာခဲ့ပြီဖြစ်လို့ …

သူရှေ့ကိုမှန်မှန်ပဲကြိုးစားချီတက်နိုင်ခဲ့ပါတယ်…သူလုပ်နိုင်ခဲ့ပါတယ်…ဖြတ်ကျော်နိုင်ခဲ့ပါတယ်

အခုအချိန်မှာတော့သူ…သူ့လမ်းလေးကိုသူလျှောက်….သူခံစားချက်တစတလေကို..စာသားတွေလုပ်….

ပြောချင်ဆိုချင်တာကို….စာပိုဒ်တွေဖွဲ့ပြီး…သူခင်တဲ့…တကယ်တမ်းအပြင်မှာမမြင်ဖူးပေမယ့်…

ညီအစ်ကိုလို..မောင်နှမလို့…ခင်တတ်.အားပေး…ကူညီတတ်…အသိတွေပေးတတ်တဲ့ဘလောက်ဂါတွေနဲ့……

သူပျော်နေပါတယ်…ဟုတ်ကဲ့….သူပျော်နေပါတယ်လို့…….

လေးစားစွာဖြင့်

ဏီ(န်)ကင်း

(ကျွန်တော်ရဲ့ဘလောက်ရေးဖြစ်ခြင်းနှစ်နှစ်မြောက်ပါ…သူများတွေလိုအများကြီးမသိနိုင်…မရေးနိုင်ခဲ့ပေမယ့်

ဘလောက်အပေါ်မှာခံစားချက်ကတော့ကျွန်တော်နဲနဲများပါတယ်၊လာလည်ပြီးအားပေးကြတဲ့….

ဟိုးလွန်ခဲ့တဲ့ကာလများမှသည်..ယနေ့ကာအထိရှိတဲ့…..ဆယ်ဂဏန်းလောက်သာရှိပေမယ့်…

တန်ဖိုးထားတတ်၊နေရာပေးတတ်တဲ့စိတ်တွေနဲ့အလေ့ကျနေတဲ့…အပေါင်းအသင်းတွေကိုလေးစားပါတယ်)

စကားမစပ်၊တ(ဂ်)ချင်လာပါတယ်….တွေးကြည့်လိုက်တော့…တကယ့်အားပေးသူအမှန်ကြီးတွေကို…

ဒုက္ခပေးသလိုများဖြစ်မလား…ဟ ဟ ဒါပေမယ့်သူတို့ရေးပေးမယ်ဆိုတာယုံကြည်ပါတယ်

မညိုမညင်ရေးပေးမယ့်..ညီအစ်ကို၊မောင်နှမများကတော့…

တောင်ပေါ်သား

ကိုသီဟသစ်

ကိုမနောသား

ကိုမြစ်ကျိုးအင်း

နှလုံးသားစေရာ

ကြယ်ဖြူစင်

မမိုးခါး (ထာဝရကြယ်စင်)

ကြည်ဖြူပိုင်

ညီမအကီနို

15 Comments

မေသူNovember 16th, 2009 at 10:39 pm

အစ်ကိုရေ မေသူလာပါတယ်။ နှစ်နှစ်ကြီးများတောင် ပြည့်ပြီပေါ့… စီနီယာကြီးပေါ့… :D

nekingNovember 16th, 2009 at 11:32 pm

သက်တမ်းတခုကိုပြောတာပါဗျာ.. စာလာဖတ်သူတွေကိုအကျိုးပြုနိုင်တဲ့စာပေတွေမရေးနိုင်သေးပါဘူး… စီနီယာမဟုတ်ပါဘူး…ကိုယ့်အကြောင်းကိုယ်သာသိပါတယ်..မြုပ်တစ်ခါပေါ်တလှည့်ဖြစ်နေတာ

တောင်ပေါ်သားNovember 17th, 2009 at 12:06 am

အဟား တက်ဂ် တယ်ပေါ့း) ဒီပိုစ့်လေးကို ဖတ်လိုက်တော့လဲ ဟိုအဝေးးးးးးးးးက အချိန်လေးတွေကို ပြန်တမ်းတမိပါတယ်ဗျာ..
တကယ့်ကို သာယာရွှင်မြူးမူတွေနဲ့ ပြည့်စုံခဲ့မယ်ဆိုတာ ယုံကြည်ပါတယ် ဘ၀လေ အရာရာဟာ မပြည့်စုံဘူးမလား ဒီတော့ ကိုယ်ခြေလှမ်းတွေကို မယိမ်းမယိုင် ဆက်လျှောက်သွားကြရတာပါပဲ။ အကောင်းဆုံးနဲ့ ဆက်လက် လျှောက်လှမ်းနိုင်ပါစေဗျာ

လေးစားလျက်
တောင်ပေါ်သား

မိုးခါးNovember 17th, 2009 at 12:53 am

စုဗူးမှာရော ရေးတယ်လား .. မိုးခါးလည်း စုဗူးမှာ ရေးဘူးတယ် .. တော်တော်ကြာကြာရေးဘူးပါတယ် .. တဂ်ရေးရင်း ပြောတာပေါ့ ..း))
ခြေလှမ်းတွေ မှန်မှန်နဲ့ လိုရာကို လျှောက်လှမ်းနိုင်ပါစေ ..း))

ThihaThitNovember 17th, 2009 at 6:13 am

ညီလေး ဏီကင်း
၂ နှစ် ဆိုတာ ကိုယ့်ထက် ဝါကြီးတာပေါ့ကွ..
ပျော်ရွှင်စွာနှင့် ဆက်လက် ဘလော့ဂင်းနိုင်ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

kaungkinpyarNovember 17th, 2009 at 9:47 am

တို့ ရွာ့ အပြင် ရောက်နေတာ ၂နှစ် ၊ စာရေးနေတာ ၂ နှစ်ပြည့်တော့မယ်…ပျော်နေပါတယ်…

flowerpoemNovember 17th, 2009 at 8:45 pm

(၂) နှစ်ဆိုတဲ့ အတိုင်း အတာက အကြာကြီးပဲနော် စာအရေးကောင်းတယ် ပထမဆုံးရောက်ဘူးခြင်းပါ.
၂ နှစ်မှသည် နောင် နှစ်ပေါင်းများစွာ စာကောင်းတွေရေးနိုင်ပါစေရှင်

မငုံNovember 17th, 2009 at 11:11 pm

နှစ်နှစ်တောင်ရှိပြီ။ ဒီအချိန်ကြာအောင် ဆက်ရေးနိုင်တာ ကောင်းတာပေါ့။ မငုံက တနှစ်တောင် မပြည့်သေး။ ဒီကြားထဲ မအားလို့ ။ ပျင်းနေတာနဲ့ စတဲ့အကြောင်းပြချက် အစုံနဲ့ ပျောက်သွားတတ်သေးတယ်။ ခုချိန်ထိလဲ ရေးသာရေးနေတာ စာလာဖတ်ပေးတဲ့ မောင်နှမတွေအတွက် ဗဟုသုတဖြစ်စရာကို မရေးဖူးသေးဘူး :)
ချစ်သူအတွက် ခံစားချက်ဖော်ထုတ်ဖို့ စတင်ရင်း ၀င်ရောက်လာတာ အခုဆို နှစ်နှစ်တောင် ရှိသွားပြီဆိုတော့ ဆက်လက်ပြီး စာများများရေးနိုင်ပါစေလို့နော့။

nekingNovember 17th, 2009 at 11:28 pm

အမှန်အတိုင်းဝန်ခံရရင်…ကျွန်တော်နှစ်နှစ်သက်တမ်းက..ပုံမှန်စာရေးနေတဲ့..ဘလောက်ဂါတစ်ယောက်ရဲ့နှစ်လသက်တမ်းလောက်ပဲရှိတာပါ…. ကြားထဲ၆လရလလောက်က တို့တောင်မတို့မိတာတွေရှိသေးတယ်….

မြစ်ကျိုးအင်းNovember 18th, 2009 at 2:09 am

ပြန်လှည့်ကြည့်ရင်သာ အချိန်တွေက ရေရွတ်လို့ကောင်းတာပါဗျာ တကယ်တော့ တလ ဆိုတဲ့ အချိန်ကိုတောင်
ဘလော့ပေါ်မှာ ဖြတ်သန်းရခက်ပါတယ်။။ ဒါကလည်း ဘလော့မှာ ယူထားတဲ့ လိုင်းနဲ့ ဆိုင်မယ် ထင်ပါတယ်။

ဒီတဂ်က ကိုယ့်ဘလော့လေး ဖြစ်ပေါ်လာပုံကို ရေးစေချင်တာလား :)

မြစ်ကျိုးအင်းNovember 18th, 2009 at 2:11 am

သူငယ်ချင်းလည်း နောက်ထပ်နှစ်တွေ တိုင်အောင် ဘလော့ပေါ်မှာ ပျော်ရွှင်ပါစေဗျာ

(ကျနော်တော့ ၂ နှစ်ထိတောင် ခံပါ့မလား မသိပါဘူး)

ဏီ(န်)ကင်းNovember 18th, 2009 at 4:51 am

ဟုတ်တယ်အကိုရေ…ဒါကြောင့်မို့ကျွန်တော်ကဘလောက်စရေးတဲ့နှစ်လို့ သုံးထားတာ.. ဘလောက်ကြီးရဲ့သက်တမ်းလို့မသုံးရဲဘူးလေ

ဏီလင်းညိုNovember 21st, 2009 at 11:47 pm

ဒီပို့စ်လေးကိုဖတ်ရင်း…၀ါသနာပါတဲ့ စာတွေ အများကြီးဆက်ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ….။
ပျော်ရွှင်ပါစေနော့ဗျ…။

ခင်မင်တတ်တဲ့

ဏီလင်းညို

foreversomethingDecember 16th, 2009 at 7:36 pm

လေယာဉ်ကွင်းကြီးမှာနှုတ်ဆက်ရမယ့်သူမရှိ…ကြိုဆိုမယ့်သူမရှိ < ငါလာကြိုပါတယ်

ကြည်ဖြူပိုင်December 17th, 2009 at 1:17 am

မမေ့ပါဘူးရှင့်..နောက်ဆုံးပို့စ်မှာတောင်ရေးထားသေးတယ်။ တဂ်ကြွေး ၃ပုဒ်လို့ ..အမြန်ဆုံးရေးနိုင်ဖို့ကြိုးစားပါ့မယ်
ခုလိုသတိတရနဲ့ တဂ်တာကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် …ဘလော့ဂ်လေး ၂နှစ်သက်တမ်းမှသည် ..ချစ်သောသူနှင့်အတူတကွ ပျော်ရွှင်စွာဆက်လက်ဘလော့ဂင်းနိုင်ပါစေလို့ ဆန္ဒမွန်နဲ့ဆုတောင်းလိုက်ပါတယ်နော်

Leave a comment

Your comment